Myanmar Immortal Trading
Co., Ltd.

 

အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာ၊ (၂၄)ကြိမ်မြောက်တရားစခန်း

( လှည်းကူးမြို့ )

"" သူတော်ကောင်းကျင့်စဉ်အမှန်မြင် ၁ ""

 

ရိပ်သာသို့ (၉-၇-၂၀၁၄)ရက် ညနေပိုင်းတွင် ရောက်ခဲ့ပါသည်။ ရိပ်သာသို့ဝင်လိုက်သည်နှင့် စိမ်းစို နေသောငှက်ပျောပင်၊ အုန်းပင်၊ သက်ရက်ပင်၊ မာလာကာပင်၊ ကျွဲကော၊ သံပုရာ၊ ရှောက်၊ ပိန္နဲ၊ ကန့်ကော်၊ ခရေ၊ အခြားအသီးစားပင်များ၊ ရွက်လှပင်မျိုးစုံနှင့် ဝါးပင်များခြံရံလျှက် တိတ်ဆိတ်ငြိမ်သက်ကာ ရောက်လာသူ မှန်သမျှ၏ ရင်ထဲ၊ ခန္ဓာကိုယ်ထဲသို့ အေးငြိမ်းမှုဓါတ်များရရှိကာ ရှေးသူတော်စင်များတရားကျင့်ရာနေရာကြီးသို့ ရောက်သွားသလို ခံစားမိလိုက်ပါတော့သည်။

ရှေးရှေးကသူတော်စင်များ၊ ဗုဒ္ဓနည်းကျ၊ နည်းမှန်လမ်းမှန်၊ ကျင့်စဉ်မှန်ဖြင့်၊ လူသူမနီး တောကြီးထဲတွင် သောက်သုံးရေအဆင်ပြေစေရန် စိမ့်စမ်းအနီး၊ တောကျင့်၊ တောင်ကျင့်၊ ဂူကျင့်များကျင့်ကာ ဆင်းရဲခပ်သိမ်း လွတ်မြောက်ကြောင်း တရားများကို အစွမ်းကုန်ပွားများအားထုတ်၊ ကိစ္စများပြီးစေခဲ့ကြကြောင်း သတိရမိသွားခဲ့ ပါသည်။

ထိုအခါက သူတော်စဉ်များမှာ၊ နေစရာက အဆင်ပြေရာ သစ်ရွက်တဲ၊ စားစရာကနီးစပ်ရာ တောထဲက သစ်သီးများ၊ ရွာနားနီးက လှူတဲ့ သဒ္ဒါဆွမ်းမရတလှဲ့၊ ရတလှဲ့၊ သောက်တော့ စိမ့်စမ်းရေ၊ ခြင်ထောင်မပါ၊ ချမ်းလို့မှ စောင်မရှိ၊ မှက်၊ ခြင်၊ ယင်ကပေါပါဘိ၊ ပင်ပန်းပြီး နေမကောင်းလို့မှ ရေနွေးကြိုပြီး ဆေးတိုက်မည့်သူ မရှိ၊ ဆင်းရဲပင်ပန်းစွာ ဒုက္ခတွေကို သည်းခံပြီး ကြိုးစားပွားများ၊ ကျင့်ကြံအားထုတ်ခါ ကိစ္စများပြီးမြောက်သွားကြ သော သူတော်ကောင်းများကို ပို၍ ကြည်ညိုပြီး မှန်းဆ၍ အကြိမ်ကြိမ်ရှိခိုးမိပါတော့သည်။

သို့သော်လည်း ဤဗောဓိအေးငြိမ်းရိပ်သာမှာတော့ ယောဂီများ နေထိုင်ရန် တစ်ပါးတည်းနေ တစ်စိတ်တည်းထား စကားလည်းနည်းစေ၊ တရားလည်းမြဲစေရန် တစ်ပါးဆောင် လေလုံ၊ မိုးလုံ၊ လုံးချင်း တစ်ထပ်တိုက်များ၊ အာရုံဆွမ်း၊ နေ့ဆွမ်း၊ ရေ/ မီးအဆင်သင့်၊ ရေနွေးကြိုပြီးသားနှင့် လ္ဘက် ခြောက်ဘူး အဆင်သင့်၊ ညနေတိုင်း ဖျော်ရည် တနေ့တမျိုး၊ မိုးတွင်းဖြစ်၍ ယောဂီများ ရေစို၊ မိုးစိုး၊ ခြေဖျား၊ လက်ဖျား၊ အအေးမိ၊နှာစေးချောင်းဆိုးများကင်းစင်စေရန်၊ ဂျင်းပြုတ်ရေနွေးစသဖြင့်၊ ဆရာတော်နှင့် ဝန်ဆောင် ဘုန်းကြီး များ၊ သီလရှင်များ၊ ဓမ္မဆရာ "ကိုအောင်ထွန်းဝင်း" နှင့်အခြားသောဝေယျာဝစ္စကုသိုလ်ရှင်များက မေတ္တာ၊ စေတနာအပြည့်ဖြင့် မငြီးမငြူ၊ ကြည်ဖြူစွာ၊ လိုလေသေးမရှိ ပြည့်စုံအောင် အားလုံးအခမဲ့ စီစဉ် ပေးထား ပါသည်။ ယောဂီများက မိမိတို့အတွက် တရားကို ရိုရိုသေသေ၊ လေးလေးစားစား ကျင့်ကြံကြိုးစား ပွားများ အားထုတ်ဘို့ တာဝန်သာရှိပါတော့သည်။

ထို့ပြင် ဆရာတော်သည် နှလုံးရောဂါ၊ ဆီချို၊ သွေးတိုးနှင့်ယောဂီများဖြစ်တတ်သောလေရောဂါ၊ ညောင်းညာ ကိုက်ခဲမှုဝေဒနာများကို သက်သာပျောက်ကင်းစေရန်၊ ကိုယ်တိုင်ဖော်စပ်ထားသောဆေးရည်များကို မည်သူမဆို သောက်သုံးနိုင်ရန်၊ အများမြင်သာသော အမြင့်၌ တင်ထားစေပါသည်။

ဆရာတော်သည် ယောဂီများကို အချိန်မဖြုန်းဘဲ တယောက်နှင့်တယောက် စကားမပြောရန်နှင့် ဣရိယာ ပုဒ်(၄)ပါးလုံး အမှတ် "သတိ" ဖြင့်နေထိုင်ကြရန်ကလွဲ၍ အခြားသောတင်းတင်းကြပ်ကြပ် သတ်မှတ် ထားတာမရှိပါ။ တရားဝင်နေစဉ်အတွင်း စိတ်အေးချမ်းသာစွာ တရားများကို ရှုမှတ်စေခဲ့ပါသည်။

နံနက်တိုင်း (၄)နာရီ မှ (၅)နာရီထိ တကြိမ်၊ နံနက် (၉း၄၅) မှ (၁ဝး၄၅)ထိ တကြိမ်၊ ည (၇း၄၅) မှ (၈း၄၅)ထိ တကြိမ်၊ ပေါင်း(၃)ကြိမ်သာ ဓမ္မာရုံအတွင်း စုပေါင်း၍ တရားရှုမှတ်ကြရပါသည်။

နံနက် (၆)နာရီ မှ (၈)နာရီ အတွင်းမှာတော့ ဓမ္မာရုံအတွင်းမှာ ဆရာတော်ကသီလပေးခြင်း၊ တရား ဟောခြင်း နှင့် တရားစစ်ခြင်း များပြုပါသည်။ ကျန်သည့်အချိန်များတွင် မိမိတို့အဆောင်များတွင်သာ "ဆရာတော်" ရှုမှတ်ခိုင်းသည့် ရှုမှတ်ပုံသင်ခန်းစာများကိုစိတ်အေးချမ်းသာစွာ ရှုမှတ်ခွင့်ပေးထားပါသည်။

ကြေးစည်ခေါက်မှ တူညီယောဂီဝတ်စုံများဖြင့် တန်းစီကာ၊ ကိုယ်စီလက်အုပ်ချီလျှက် ကြည်ညိုဘွယ်ရာ၊ သိမ့်မွေ့စွာ ထိ/ သိအမှတ်ဖြင့် ဓမ္မာရုံသို့၎င်း၊ ဆွမ်းစားဆောင်သို့၎င်း၊ သွားကြရပါသည်။

ဤရိပ်သာတွင် မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ ကန္နီနည်းဖြစ်သော သမထ/ ဝိပ ဿနာရှုနည်းဖြင့် သာသနာ့ဓဇ၊ ဓမ္မာစရိယ၊ကမ္မဋ္ဌာနစရိယဆရာတော်"ဦးကေလာသ"၏ ညွှန်ကြားပြသသွန်သင် ဆုံးမမှုအောက်တွင် ရိုသေစွာတရားများကို ရှုမှတ်ပွားများကြရပါသည်။

(၁၁-၇-၁၄)ဝါဆိုလပြည့်နေ့တွင် ဝါဆိုသင်္ကန်းကပ်ပြီး တရားစခန်းစတင်ဖွင့်လှစ် ခဲ့ပါသည်။ ပထမဦးစွာ ဆရာတော်က သီလပေးပြီး ဘုရားရှင် အဆူဆူတို့အား "နမောတဿ"(၃)ကြိမ်ဖြင့်စ၍ ထိခြင်းကြီးငါးပါးဖြင့် ဦးချသင့်ကြောင်း။ ဤသို့တကြိမ်ဦးချရုံဖြင့် ကမ္ဘာတစ်သိန်းအပါယ်မလားကြောင်း၊ ဘုရားရှိမခိုးမှီနှင့် တရား မထိုင်မှီ မေတ္တာပို့သင့်ကြောင်း ရှိခိုးပြီးတိုင်း၊ တရားတထိုင်ပြီးတိုင်း အမျှဝေသင့်ကြောင်း အသေးစိတ်သေသေ ချာချာ ပုံစံကျအောင်သင်ပြပေးပါသည်။

ထို့နောက်အတုမရှိ၊ မြတ်ဗုဒ္ဓ၏ထူးကဲမြင့်မြတ်သော "ဂုဏ်တော်"များကိုပွားခြင်းဖြင့်၊ ရရှိမည့်အကျိုးများ ကိုရှင်းပြပါသည်။ ပထမဆုံး"ဗုဒ္ဓါနူဿတိ" "အရဟံ" ဂုဏ်တော်ကို ပွားပုံပွားနည်းသင်ပြပေးပြီး၊ ထိုနေ့တနေ့လုံး "အရဟံ" ဂုဏ်တော်တစ်မျိုးတည်းကိုသာ ပွားများခိုင်းရာ၊ ပွားရင်းပွားရင်း စိတ်တွေ အထူးကြည်လင်ရွှင်ပြလာ တာကို ချက်ခြင်းကောင်းကျိုးများခံစားရရှိပါတော့သည်။

(၁၂-၇-၁၄)နေ့တွင်မေတ္တာဘာ၀နာပွားခြင်းဖြင့် ရရှိမည့်ကောင်းကျိုးများကို ရှင်းပြပြီး မေတ္တာပွားခိုင်းရာ ဓမ္မာရုံကြီးတခုလုံး တိတ်ဆိတ်ပြီး၊ စိတ်ရော/ ကိုယ်ပါအေးမြချမ်းသာခြင်း အကျိုးများလက်ငင်းရရှိပါတော့သည်။

(၁၃-၇-၂၀၁၄)နေ့တွင် မရဏနူဿတိ (သေခြင်းတရား)ကို ဣရိယာပုဒ်(၄)ပါးလုံးပွားများသင့်ကြောင်း "သေခြင်းတရား" သည် မိမိ၏ လက်တကမ်းတွင်ရှိကြောင်း၊ ကျန်တဲ့တရားတွေကမမြဲပေမဲ့၊ သေခြင်းတရားက မြဲကြောင်း၊ အသေတတ်၊ အနေမြတ်အောင် မသေခင်ဒါန၊ သီလ၊ ဘာ၀နာများကို ပုံမှန်ပြုလုပ်သင့်ကြောင်း၊ သင်ပြပြီး၊ ထိုနေ့တစ်နေ့လုံး "မရဏာနူဿတိ" ဘာ၀နာကိုပွားများစေခဲ့ရာ အထူးပင် သံဝေဂများစွာရရှိစေခဲ့ပါ သည်။

(၁၄-၇-၁၄)နေ့တွင် "အာနာပါနကမ္မဋ္ဌာန်း"ကိုစတင်ခဲ့ပါသည်။ "သတိမြဲရာ၊ ပထမာ" ဒုမှာရှည်/ တိုသိ၊ လုံးစုံလင်းရာ "တ"၌သာ "စ"မှာ ငြိမ်းစေဘိ ဆိုသည့်ဆောင်ပုဒ်အတိုင်း၊ ပထမနည်းဖြစ်သည့် "သတိ" မြဲစေရန်၊ နှာသီးဖျား၀မှာ၊ ဝင်လေ/ ထွက်လေထိမှုထင်ရှားသည့်နေရာကို မိမိ၏စိတ်ကိုစိုက်ကြည့်ခါ တည်ကြည်/ ခိုင်မြဲ သော "သမာဓိ"ရသည်အထိ၊ စိတ်ကိုအေးအေးဆေးဆေးထား၍ ရှုမှတ်ခိုင်းရာ (၂၆-၇-၂၀၁၄)နေ့၊ အာရုံအထိ၊ သမာဓိအားကောင်းလာအောင် ရှုမှတ် စေခဲ့ပါသည်။

(၂၆-၇-၂၀၁၄)နေ့တွင် "ဒုတိယနည်း" (ဘုရားဖူးသင်ခန်းစာ)ကို စသင်ပါသည်။ ဒီရက်မရောက်ခင် တည်းက ဘုရားများ၊ ငွေမကုန်၊ လူမပန်းဘဲ ဖူးကြရမည်ဖြစ်၍ ယောဂီများအထူးဝမ်းသာနေကြပါသည်။ ဤနည်းတွင် တရားနိတ်မိတ်ရသည်နှင့် ရှည်ရှည်ရှုမည်ဆိုပြီး "ခိုင်မြဲ"တည်ကြည်သော သမာဓိအလင်းဓါတ်ဖြင့်၊ မီးမောင်း၊ ဆလိုက်ကြီးထိုးကြည့်သလို၊ စိတ်ရောက်လျှင် နိမိတ်ရောက်သည်ဆိုသည့်အတိုင်း၊ အနီးဆုံး မိမိတို့ ရိပ်သာအတွင်းမှ ဓမ္မာရုံဘုရား၊ နဂါးရုံဘုရား၊ ငမိုးရိပ်စေတီ၊ ဆရာတော်စံကျောင်းမှ ဘုရားများကိုဖူးခိုင်း ပါသည်။

ထို့နောက်လှည်းကူးမြို့၊ ငါးထပ်ကြီးဘုရား၊ ရွှေတိဂုန်၊ ဗိုလ်တထောင်၊ ပဲခူးရွှေမော်ဓော၊ ရွှေသာလျောင်း များကို မိမိတို့ ထူထောင်ထားသော အလင်းနိမိတ်ဖြင့် ဘုရားစုံကို ကြည်ညိုဘွယ်ရာ ဖူးခဲ့ရပါသည်။

ထို့နောက် အနီး/ အဝေး၊ အကြီး/ အသေး၊ သင်ခန်းစာကို သင်ကြားပေးပြီး၊ အဝေးမှဘုရားများကို ဖူးခိုင်းရန်၊ မဖူးခင်၊ မိမိဖူးမည့် ဘုရားမှာစောင့်သော နတ်များကို ဘုရားဖူးခွင့်တောင်း၊ မေတ္တာပို့/ အမျှဝေပြီးမှ ဘုရားများဖူးပါက လွယ်လွယ်ကူကူ ဖူးနိုင်ကြောင်း ရှင်းပြပါသည်။

ထို့နောက်၊ ကျိုက်ထီးရိုးဘုရားကို စဖူးရာတွင် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးပြီး၊ ဘုရားကြီး ထက်ဝန်းကျင်တစ်ခုလုံး လင်းထိန်းနေတာကိုဖူးတွေ့ခဲ့ရပါသည်။ ထို့နောက်မန္တလေးမဟာမြတ်မုနိ၊ ပုဂံရွှေစည်းခုံ မုံရွာဗောဓိတစ်ထောင်၊အလောင်းတော်ကဿပ၊ ထို့အပြင် အိန္ဒိယမှဘုရားအဆူဆူပွင့်ခဲ့သော ဖွား/ ပွင့်/ ဟော/  စံကြရာ လေးဌာန၊ မြတ်စွာဘုရား၊ ပဉ္စဝဂ္ဂီ(၅)ပါး၊ တရားဦးဟောပုံကိုလည်း သက်တော်ထင်ရှားပုံများကို အံဩ ဘွယ်ရာဖူးတွေ့ခဲ့ရပါသည်။

ထို့နောက် သီရိလင်္ကာမှ မဟာစေတီ၊ ထူပါရုံစေတီနှင့် စူဋ္ဌါမဏိစေတီကြီးဖူးသည့်အခါ အလွန်ကြီးမား သော ရွှေရောင်စေတီကြီးဖြစ်၍ ကြက်သည်းတဖြန်းဖြန်းထလောက်အောင်၊ ကြည်ညိုဘွယ်ရာ ဖူးတွေ့ခဲ့ရပါ သည်။ ဗြဟ္မာပြည်မှ ဒုဿစေတီကြီးမှာလည်း ဖြူဖျော့ဖျော့ပုံစံကြီးကို ဖူးတွေ့ခဲ့ရ၍ ဋ္ဌာပနာတိုက်ထဲမှ အတိတ် ကြေးမှုံပြင်ဖူးသည့်အခါ မိမိကျင်လည်ခဲ့ရသည့် ဒီဘ၀မရောက်ခင် ဘ၀များကိုရှုကြည့်ပါသည်။ ဘ၀များစွာကို သံဝေဂရဖွယ်တွေ့ရှိခံစားရပါသည်။ မိမိပြုလုပ်ခဲ့သည့်အကုသိုလ်ကြောင့် မကောင်းတဲ့အကျိုးပေးကာ မကောင်း တဲ့တိရိစ္ဆာန်ရောက်ရပုံ၊ သူတစ်ပါးကို အညိုးထားမိသောကြောင့် နဂါးဘ၀ဖြစ်ခဲ့ရပုံ၊ မိမိချမ်းသာသော လူ့ဘ၀ ရစဉ်သူများအပေါ် အနိုင်ကျင့် ငေါက်ငန်းခိုင်းခဲ့သောကြောင့် နောက်ဘ၀တွင်"တောင်သူအိမ်မှာ" လယ်ထွန်း နွားဖြစ်ရပုံ၊ ထိုအိမ်မှာ နွားခေါင်းကိုတုတ်ဖြင့်အမြဲထိုးထိုးပြီး အခိုင်းခံခဲ့ရပုံ၊ နဂါးဘ၀၊ ပုဂံမင်းဆက်မှ မင်းသားဘ၀၊ ဘာသာတရားကိုင်းရှိုင်းသော အပျိုကြီးဘ၀ဖြင့် နေ့တိုင်းသက်ရှင်ဘုရားများကို နေ့တိုင်းအာရုံပြု၍ အာရုံဆွမ်း၊ နေ့ဆွမ်းများကို ကပ်ခဲ့သည့်အကျိုးကြောင့်၊ နောက်ဘ၀တွင် စာသင်တိုက်မှာ သီလာကိုစင်ကြယ်အောင် ထိမ်း သိမ်းသည့် ဓမ္မာစရိယ၊ စာချဘုန်းကြီးဘ၀၊ ထို့နောက် သေပြီးသောအခါ ဘာသာတရားကိုင်းရှိုင်းသောအစိုးရ အရာရှိဘ၀ဖြင့် နူလာရောဂါကြောင့် သေဆုံးပြီး၊ ယခုဘ၀ရောက်ရှိခဲ့ပုံ များကို T.ဠ ဖန်သားပြင်ပေါ်မှာ မြင်ရ သလို သံဝေဂရဖွယ်များတွေ့ရှိခဲ့ရပါသည်။

ထို့နောက်ဘောဂ၀တီ၊ နဂါးပြည်မှ စွယ်တော်များကို ဖူးပြီး ငရဲပြည်ကိုရှုသည့်အခါ မိမိတို့ပြုလုပ်ခဲ့သည့် အကုသိုလ်အလိုက်၊ ငရဲသားများနှိပ်စက်တာ/  ခံစားနေရတာကို ကြောက်မက်ဖွယ်ရာ/  သံဝေဂတရားများ ရဘွယ်ရာ ရှုမြင်ခဲ့ရပါသည်။

(၆-၇-၂၀၁၄)နေ့တွင် ပါးထွက်၊ နားထွက်၊ တတိယနည်းကို စတင်ခဲ့ရာ တကိုယ်လုံး ညက်ညက်ကြေ အောင် ရှုမှတ်စေခဲ့ပါသည်။

(၇-၇-၂၀၁၄)နေ့၊လှီးစား၊ ဖြတ်စားသင်ခန်းစာရောက်တော့၊ သမာဓိအလင်းနိမိတ်ဖြင့် ရောဂါရှိတဲ့နေရာ များကို နာနာမွှေရင်း၊ ကုသစေခဲ့ရာ၊ အံ့ဩလောက်အောင်၊ သက်သာသွားသည်ကို တွေ့ရပါတော့သည်။

(၈-၈-၂၀၁၄)နေ့တွင် စတုတ္ထနည်း (ငြိမ်းစေမည်)၂ သင်ခန်းစာကို စတင်ခဲ့ပါသည်။ ထိုသင်ခန်းစာတွင် မှတ်ပါများလာသောအခါ၊ ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် တကယ့်ကိုအေးငြိမ်း နေခဲ့ပါသည်။

(၉-၈-၂၀၁၄)နေ့တွင် ရုပ်ကိုသိမ်းဆည်းခြင်း(ဝိပဿနာ)ပိုင်းကိုစတင်ရှုမှတ်စေရာ ရင်၀တွင် စိတ်စိုက်၍ ရုပ်/ ရုပ်ဟုမှတ်ရင်း/ မှတ်ရင်း၊ ရုပ်၏ဖောက်ပြန်မှုများကို တခုပြီးတခု ထင်ရှားစွာသိရှိခဲ့ရပါသည်။

(၁၁-၈-၂၀၁၄)နေ့တွင်"နာမ်ကိုသိမ်းဆည်းခြင်း"သင်ခန်းစာ၌ရင်၀ကိုစိတ်စိုက်၍ သိသည် ဟုမှတ်ရင်း/  မှတ်ရင်း၊ ခန္ဓာအတွင်း၊ အဆုပ်၊ အသည်းနှလုံး၊ ကျောက်ကပ်၊ အစာအိမ်ပါမကျန်၊ စိတ်စိုက်ကြည့်ရာ တရိပ်ရိပ် တဖွဲဖွဲ၊တလှုပ်လှုပ်တဆတ်ဆတ်ဖြင့် ပြိုကွဲပျက်စီးသွားတာတွေ၊ ဖြစ်ပြီးတာကို သိသိခြင်းပျက်သွား၊ မှတ်သိစိတ်ပါ ပျောက်သွားတာတွေ၊ ဖြစ်ချင်း၊ပျက်ခြင်းတွေ ကြောက်စရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန်ပြိုကွဲပျက်စီး သွားတာတွေကို ကိုယ်တိုင်အမှန်အတိုင်း တွေ့မြင်ခဲ့ရပါသည်။

(၁၃-၈-၂၀၁၄)နေ့တွင် "အကြောင်းကိုသိမ်းဆည်းခြင်း" သင်ခန်းစာ၌ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ အာဟာရတည်းဟူသော အတိတ်အကြောင်းတရား (၅)ပါး "ပြုပြင်သည်" ဟု စိတ်စိုက်၍မှတ်ရင်း၊ အတိတ်ဘ၀ ဖြစ်စဉ်များကို တဘ၀ပြီးတဘ၀၊ သံဝေဂရဖွယ်များ ထပ်မံတွေ့မြင်ခဲ့ရပါသည်။

(၁၅-၈-၂၀၁၄)နေ့တွင်၊ သမ္မာသနဉာဏ်ရောက်သောအခါ၊ ရုပ်/ နာမ်တို့သည် အမြဲမရှိ၊ အနိစ္စ အနိစ္စ ဟုပွားနေစဉ်၊ ခန္ဓာကိုယ်ကြီးသည်အရိုးစုကြီးဖြစ်သွားတာကို မြင်ရတော့၊ မမြဲတဲ့ "အနိစ္စသဘော" ဖြစ်လိုက်၊ ပျက်လိုက်ဖြစ်နေတာကိုက ဆင်းရဲခြင်း"ဒုက္ခသဘော"၊ အရိုးစုကြီးဖြစ်ပြီး ပျက်သွားတာမြင်ရတော့၊ ကိုယ်ဖြစ်ခြင် သလိုမဖြစ်ရ၊ ကိုယ့်အလိုသို့မလိုက်၊ အစိုးမရတဲ့ "အနတ္တသဘော" တွေကို သမာဓိအလင်းနိမိတ်ဖြင့် ကိုယ်တိုင် ထင်ထင်ရှားရှား တွေ့မြင်သိရှိခဲ့ရပါသည်။

ထို့နောက် ဥဒယဗ္ဗယဉာဏ်ရောက်တော့ ဝေဒနာတွေ့လိုက်၊ မှတ်သိစိတ် မှတ်လိုက်၊ ဝေဒနာပျောက် သွားလိုက်၊ မှတ်သိစိတ်ကလည်း သိပြီးပြီခြင်း ပျောက်သွားလိုက်နှင့် ရုပ်ရောနာမ်ပါပျောက်သွားပြီး ခန္ဓာကိုယ်၏ ဖြစ်ခြင်း/  ပျက်ခြင်းမတည်မြဲမှုများကို ထင်ရှားစွာတွေ့မြင်လာပါသည်။

ဘင်္ဂဉာဏ်ရောက်တော့၊ ရှုမှတ်လိုက်သည်နှင့် ချက်ခြင်း၊ အပျက်များကို ဆက်တိုက်မြင်ရပြန်သည်။ ဘင်္ဂ ဉာဏ်(၈)မျိုးကို တစ်နေ့တစ်မျိုးပွားပြီးနောက် သင်္ခါရုပေက္ခာ(၆)ဉာဏ်ပေါင်း၍ ရှုပွားကြရပါသည်။ ဒီဉာဏ်ကို ရောက်ပြီးသည်းခံ/ ဥပေက္ခာပြု ကာဣရိယာပုဒ်ရှည်ရှည်ကြာကြာ ရှုပွားပါက မိမိတို့ မျှော်မှန်းထားသော နိဗ္ဗာန် သို့ရောက်ရန် လက်တကမ်းသာလိုတော့ကြောင်း၊ စိတ်အားတက်ဖွယ်သိရှိခဲ့ရပါသည်။

ထို့ကြောင့်၊ ဤရိပ်သာသည် ဗုဒ္ဓဘာသာတိုင်း မျှော်မှန်းထားသော နိဗ္ဗာန်သို့ လွယ်ကူသောအကျင့်၊ လျင်မြန်သော အသိတရားများဖြင့် ကျင့်ကြံကြိုးစားပွားများအားထုတ်နိုင်အောင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာ ဂုဏ်တို့ဖြင့် ပြည့်စုံသောကမ္မာဋ္ဌာန်းဆရာများ တရားပြရာနေရာများစွာထဲမှတခုဖြစ်ပါသည်။ သို့ဖြစ်၍ တရားလို ခြင်ယောဂီများသည် လောကီအကြောင်းပြချက် အမျိုးမျိုးကို ခေတ္တရှောင်ရှားကာဖြင့် ဤကဲ့သို့သောနေရာ/  ရိပ်သာသို့လာရောက်၍၊ နိဗ္ဗာန်ရောက်ကြောင်းတရားများကို ကျင့်/ ကြံ/ ကြိုးစားပွားများအား ထုတ်သင့်ပါ ကြောင်း မေတ္တာရေလောင်း၊ သတင်းကောင်းပါလိုက်ပါသည်။

ဤရိပ်သာတွင် တရားဝင်နေစဉ်အတွင်း ယောဂီများကို ဆင်းရဲခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်သို့၊ လွယ်ကူသော အကျင့်၊ လျင်မြန်သောအသိတရားများဖြင့်သွားနိုင်ရန်တရားလည်းပြ၊ အစားလည်းကျွေး၊ ဆေးလည်းပေး လိုအပ်သမျှအတတ်နိုင်ဆုံးဖြည့်ဆည်းကူညီပေးကြကုန်သော "ဆရာတော်" ဦးကေလာသနှင့်တကွ ဘုန်းဘုန်း လေး "ဦးပညာဒီပ" ဓမ္မဆရာ"ကိုအောင်ထွန်းဝင်း" ဆရာလေး"ဒေါ်နန္ဒသိင်္ဂီ" နှင့်ဆွမ်းစားဆောင်မှဝေယျာဝစ္စ ကုသိုလ်ရှင်များ၊ အာရုံဆွမ်း/ နေ့ဆွမ်းကုသိုလ်ရှင်များစွာနှင့်အတူ ကျေးဇူး တင်ထိုက်သူအားလုံးကို ကျေးဇူး အထူးတင်ပါကြောင်း ရိုသေစွာတင်ပြလိုက်ပါသည်ဘုရား။
 

ရိုသေလေးစားစွာလက်အုပ်မိုးလျှက်
တပည့်တော် "ဒေါ်ခင်မျိုးသစ်"
ဖုန်း - ၀၉-၃၃၇၆၆၃၇၀ ၀၁-၂၉၅၀၇၄

သူတော်ကောင်းကျင့်စဉ်အမှန်မြင် ၂ သို့ 

 

Home  |  Greeting  |  Philosophy  |  Humanitarian Foundation  |  Development Programme  |  Extension   |  Our Projects  |  Hotel & Tourism
Looking for local partner  |   Offer Foreign Investment  |  Food Security  |  New Master Project  |  Contact Us  


 

Myanmar Immortal Trading Co., Ltd.

Address:

#17(A), 148th Street, Kyauk Myaung, Tamwe Township, 
Yangon, Republic of the Union of Myanmar (Burma).

Tel: (+95-1) 295074, H.P: (+95-9) 5169807, Fax: (+95-1) 294966
Email:

info@ksstmyanmar.com, enquire@ksstmyanmar.com

Internet: http://www.ksstmyanmar.com

 

Copyright 2005 by Myanmar Immortal Trading Co., Ltd.
Web Developer: Myanmars.NET, Yangon, Myanmar